CSS ရေးနည်း CSSရေးနည်း-1CSSရေးနည်း-၂ HTMLရေးနည်း

စလင်းမြို့က တာဇံ

စလင်းမြို့သားလေး မောင်လူလှသည် နာမည်နှင့်လိုက်အောင် မွေးကတည်းက ချောမောလှပသူဖြစ်၏။
ထူးခြားသည်ကား ကလေးအရွယ်ကတည်းက အင်္ကျီ၊ ဘောင်းဘီ အဝတ်မခံခြင်းပင်ဖြစ်၏။ ဇွတ်ဝတ်ပေးလျှင်လည်း ဓားနှင့်အထိုးခံရသည့်အတိုင်း တက်မတတ်၊ ချက်မတတ်ငိုသည်။ ထို့ကြောင့် လက်လျှော့ထားကြရသည်။ ကြီးလာလျှင် ဝတ်လိမ့်မည်ဟုသာ ထင်ထားကြသည်။
သို့သော် မောင်လူလှ ဆယ်နှစ်သားကျော်အထိပင်ရှိလာပြီ အဝတ်အစား ဝတ်ပေးလို့မရသေး၊ အဝတ်မဝတ်သဖြင့် ကျောင်းလည်းမနေရ။ မိဘတို့မှာ တွေးမရအောင်ဖြစ်ကာ စိတ်ဆင်းရဲနေကြရ၏။ ဆယ့်ငါးနှစ်ကျော်၍ လူပျိုပေါက် အရွယ်ရောက်သောအခါတွင်ကား မောင်လူလှတစ်ယောက် လူသူမရှိသော တောထဲသို့ ထွက်ပြေးသွားတော့သည်။
တောထဲတွင် ကိုယ်လုံးတီးကြီးဖြင့် ဖြစ်သလိုနေ၊ ဖြစ်သလိုစား၏။ စားစရာ လုံးဝမရသောအခါတွင် သူ့အိမ်သို့ ညအခါပြန်လာပြီး ထမင်းဟင်းများကို လူများအလစ်တွင် ယူစားပြီး တောထဲသို့ ပြန်ပြေးလေသည်။
သူ့သတင်းမှာလည်း စလင်းမြို့နယ် တစ်ခုလုံးပြန့်နှံနေသဖြင့် မိဘများမှာ မျက်ရည်နှင့် မျက်ခွက်သာ ဖြစ်နေကြရသည်။
ကလေးဘဝမှစ၍ အသက်နှစ်ဆယ်ကျော်သည့်တိုင်အောင် အဝတ်အစား တစ်ခါမှ မဝတ်သဖြင့်
တာဇံ - တာဇံ ဟုခေါ်ရင်းက စလင်းမြို့ကဖြစ်၍ စလင်းမြို့ကတာဇံဟု ဖြစ်သွားရသည်။ သားအတွက် ရင်ထုမနာ ဖြစ်နေရသော သူ့ဖခင်သည် အကြောင်းစုံကို သာချာသိချင်သဖြင့် တာဇံအလာကို ညစဉ်စိတ်ရှည်ရှည်စောင့်၏။
တစ်ညတွင်ကား တောထဲတွင် စားစရာမရသဖြင့် တာဇံတစ်ယောက် ညသန်းခေါင်အချိန်တွင် သူ့အိမ်သို့ ဝင်လာသည်။ သူ့အဖေကား အိပ်ရာထဲတွင် အိပ်ချင်ယောင်ဆောင်နေ၏။ လူတွေ့မခံရဲသဖြင့် တောထဲမှာနေရသောတာဇံမှာ ဆံပင်ညှပ်ချိန်၊ ဖြတ်ချိန်မရ။ ထို့ကြောင့် ဆံပင်များမှာ ကျောနှင့်ကုပ်ပေါ်တွင် ဖားလျားကျလျက်ရှိ၏။
နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးများမှာလည်း အဆီးအတားမရှိ၊ ရှည်ချင်တိုင်း ရှည်နေရာ တာဇံကို ရုတ်တရက် တွေ့ရသူအဖို့ ဘီလူး သို့မဟုတ် သရဲ တစ်ကောင်ဟုပင် ထင်သွားနိုင်ပေသည်။ ဖခင်သည် ခြေသံမကြားအောင် ထလိုက်သွားပြီး မီးဖိုတံခါးဘေးတွင် ကပ်ရပ်နေလိုက်၏။
တာဇံ ဆာရှာလွန်းသဖြင့် ထမင်းကို ပန်းကန်ထဲသို့ပင် ခူးမထည့်နိုင်တော့ဘဲ အိုးလိုက်အောက်ချပြီး ပလုပ်ပလောင်းစားနေ၏။ ထမင်းနှင့် မတွေ့တာကြာပြီဖြစ်သော အကျင့်ပျက်နေသည့် လည်ချောင်းက သေချာမဝါးနိုင်ဘဲ မျိုချလိုက်သဖြင့် ကျလာသော ထမင်းစေ့များကို အလျင်မီအောင် မျိုမချနိုင်ဘဲ နင်နေပြန်သည်။
ငတ်မရှက်ဟူသော စကားအတိုင်း ဆာလွန်းအားကြီးနေသောအခါ မရှက်နိုင်တော့ဘဲ လက်တစ်ဘက်က လည်ပင်းကိုသပ်ချလျက်၊ ကျန်လက်တစ်ဘက်က ထမင်းလုပ်ကို အဆက်မပြတ်အောင် ပါးစပ်ထဲ ထည့်ပေးနေသည်။ သားအဖြစ်ကို ကြည့်ရင်း ဦးမြင့်သူတစ်ယောက် ရင်ထဲတွင်နင့်သွား၏။
ဖြစ်ရလေ သားလေးရယ်ဟု စိတ်ထဲကရေရွတ်ရင်း မျက်ရည်များ တွေတွေကျရှာ၏။ သားဖြစ်သူ ထမင်းဝလောက်ပြီဟု ယူဆရသော အခါတွင်မှ ဦးမြင့်သူမှ အသံပေးလိုက်၏။
“သား - လူလေး၊ မောင်လူလှ”
ဖအေ့အသံ ကြားလိုက်သည်နှင့် မောင်လူလှတစ်ယောက် လန့်ပြီးထခုန်၏။ တောထဲနေပြီး လူသားများနှင့် အတွေမခံတာ ကြာပြီဖြစ်သောကြောင့် လူဆိုလျှင် အလိုလို လန့်နေသည်မဟုတ်ပါလား။ ပြီးလျှင် ဒရောသောပါး ဦးမြင့်သူဘေးမှ အတင်းတိုးပြီး ထွက်ပြေး၏။
ဦးမြင့်သူကလည်း အလွတ်မခံ။ သားဖြစ်သူ၏ ကိုယ်လုံးကို အတင်းဖတ်ထား၏။ သားကရုန်း အဖေကဖက်ထားနှင့် ကြမ်းပြင်တွင် တဝုန်းဝုန်း ဖြစ်နေကြသည်။ ကြောက်လန့်တကြား ရုန်းကန်နေသည့် သားလူရိုင်းကြီးကို ဦးမြင့်သူက မိဘမေတ္တာဖြင့် ချော့မော့ပြောရှာ၏။
“သားရယ်၊ တအားမရုန်းပါနဲ့၊ အဖေ ဘာမှမလုပ်ပါဘူး။ သားနဲ့ စကားလေး ခဏပြောချင်လို့ လနဲ့ချီပြီးတော့ စောင့်နေတာ ကြာပါပြီကွယ်”
ထိုအခါကျမှ တာဇံ ရုန်းကန်မှုရပ်သွားသည်။ ငိုရိုက်သံများလည်း ပေါ်လာသည်။ သူအဖေရင်ခွင်မှာ မျက်နှာအပ်ပြီး ချုံးပွဲချငိုရှာ၏။ ထိုအချိန်မှာပင် တဝုန်းဝုန်းအသံကြောင့် တာဇံ၏အမေနှင့် နှမများပါ နိုးလာကြပြီး။
“ကိုမြင့်သူ ဘာဖြစ်တာလဲ” ဟူသော အသံနှင့်အတူ ဖယောင်းတိုင်ထွန်းကာ မီးဖိုနားလာကြ၏။
ထိုအခါ တာဇံက ငိုသံပါကြီးနှင့် “အမေတို့ မီးဖိုထဲ မဝင်လာကြပါနဲ့ဗျာ၊ မြင်လို့ မသင့်တော်ပါဘူး” ဟုအော်ပြော၏။ လူ့ဘဝချင်း တူပါလျက် အကြောင်းအမျိုးမျိုးကြောင့် ခြားနားနေကြရသော သူတို့မိသားစု ဘဝပါတကား။
ဦးမြင့်သူက “မစိန်ရော၊ သမီးတို့ပါ အပြင်ကပဲ နေကြပါ။ ငါတစ်ယောက်ထဲပဲ သားကို သိချင်တာမေးပါ့မယ်” ဟုပြောလိုက်၏။ ထို့နောက် စိတ်ကို ငြိမ်သက်အောင်ထားကာ သားအားမေး၏။
“သား ဘာကြောင့် အဝတ်အစား မဝတ်ချင်ဖြစ်နေရတာလဲ။ အဖြေကိုပြောပြနိုင်ရင် ပြောပြပါလားကွယ်”
“ဝတ်လို့ကိုမရဘူးအဖေ၊ အဝတ်အစား ဝတ်လိုက်ရင် ကျွန်တော့်တစ်ကိုယ်လုံး ပူလောင်လာတယ်”
“အဲဒါ ငါသား အတိတ်ဘဝက မကောင်းတဲ့ဝဋ်ကြွေးကြောင့် ဖြစ်ရမယ်။ ဘာ့ကြောင့် ဖြစ်ရသလဲဆိုတာ ငါ့သား မှတ်မိသလား”
“မှတ်မိပါတယ် အဖေ၊ အရင်ဘဝက တရားအားထုတ်နေတဲ့ တောရ ရဟန်းတစ်ပါးရဲ့ သင်္ကန်းကို ကျွန်တော် ခိုးယူခဲ့ဖူးတယ်။ ဒီ ဝဋ်ကြွေးကြောင့် ကျွန်တော့်ကိုယ်ပေါ် အဝတ်တင်လို့ မရလောက်အောင် ဖြစ်နေတာပါ”
“သားရယ်၊ ဝဋ်ကြွေးကုန်တဲ့အခါကျရင်တော့ ဝတ်လို့ရလာမှာပေါ့။ အခုလို တောထဲမှာ အငတ်ငတ်အပြတ်ပြတ်နဲ့ သွားမနေပါနဲ့၊ အိမ်မှာဘဲ အခန်းတစ်ခန်းနဲ့ သီးသန့်နေပါ”
“ကျွန်တော်ပြုခဲ့တဲ့ အကုသိုလ်ကံက ဒီဘဝလုံး ပေးဆပ်တာတောင် ကျေချင်မှကျေမှာအဖေ။ ဒါကြောင့် ကျွန်တော်မြန်မြန်သေချင်တယ်။ တကယ် သတ်သေဖို့ကျတော့ကလည်း ဒီလောက်စိုးဝါးတဲ့ ဘဝကြီးကို တပ်မက်တဲ့ တဏှာကရှုပ်နေတယ် အဖေ။ ဒါကြောင့်လည်း ငတ်သေခါနီးရင် ကျွန်တော် အိမ်မှာလာလာခိုးစားနေတာပါ”
“ကျွန်တော့်ကို အိမ်မှာထားဖို့တော့ စိတ်မကူးပါနဲ့ အဖေ။ ကျွန်တော် တောထဲမှာနေတာတောင် အဖေတို့ သိက္ခာကျလှပါပြီ။ အဖေတို့ မိသားစုရော၊ ကျွန်တော်ပါ ဒီစိတ်ဆင်းရဲမှုမျိုးကြီးက လွတ်မြောက်ဖို့ နည်းတစ်ခုတော့ ရှိတယ်အဖေ”
အကွယ်က နားထောင်နေကြသော မိခင်နှင့်နှမများကလည်း တာဇံစကားကို မျှော်လင့်ကြီးစွာနှင့် နားစွင့်လိုက်ကြသည်။
“အဲဒါကတော့ တောထဲမှာ လူမသိ၊ သူမသိ ကျွန်တော်မြန်မြန်သေသွားတာပဲ အဖေ” ဟုပြောပြီး၊ မောင်လူလှသည် သူ့အဖေဆီက အတင်းရုန်းထွက်ကာ အမှောင်ထဲသို့ တိုးဝင်သဖြင့် ချက်ချင်းပျောက်ကွယ်သွားလေသည်။
မိဘများမှာ “ဖြစ်ရလေသားရယ်” ဟုသာပြောနိုင်ပြီး မျက်ရည်တွေကျ၍ ကျန်ခဲ့ကြ၏။ ငယ်ရွယ်သော နှမများမှာကား အစ်ကိုဖြစ်သူအတွက် ဝမ်းနည်းပက်လက်ဖြစ်ကာ ငိုရှိုက်ကြလေသည်။
ထိုနေ့မှစ၍ တာဇံသည်လည်း အိမ်သို့ မည်သည့်အခါမျှ ပြန်မလာတော့ပေ။ တာဇံခေါ် မောင်လူလှ၏ အဒိန္နဒါန အကုသိုလ်ကံများ အမြန်ကုန်ပါစေသော်…..
မှတ်ချက်-
မောင်လူလှသည် သီလ၊ သမာဓိ၊ ပညာကြီးမားသော ရဟန်းသူတော်ကောင်း၏ ပစ္စည်းကို ခိုးမိသောကြောင့် လူစင်စစ်ဖြစ်ပါလျက် ပြိတ္တာဒုက္ခမျိုးကို ခံစားနေရခြင်းဖြစ်သည်။ မောင်လူလှသည် ဇာတိဿရဉာဏ်ရှိသောကြောင့် သူ၏အတိတ် ဘဝက အကုသိုလ်ကို ပြန်ပြောနိုင်ခြင်းဖြစ်သည်။
ထိုဇာတိဿဉာဏ်သည် ကျင့်ယူရသည်မဟုတ်ဘဲ လူတစ်ထောင်လျှင် သူ့ကုသိုလ်ကံ အလျှောက် တစ်ယောက်ခန့် အလိုလိုပင် ရနေ၊ သိနေတတ်ခြင်းဖြစ်သည်။ စာရေးသူလည်း အတိတ်ဘဝတစ်ခုကို ပြန်၍ အမှတ်ရပါသည်။ ထိုအမှတ်ရပုံ အကြောင်း အပြည့်အစုံကို “ ဘဝနှင့်ရင်းရသော အတွေးအမြင်များ” စာအုပ်တွင် အကျယ်ရေးထားသည်။
မေတ္တာရှင်-ရွှေပြည်သာ
သီလအစွမ်း အံ့မခန်း စာအုပ်မှ
ကူးယူဖော်ပြပါသည်။

No comments:

Post a Comment