သင်ကြားရပုံချင်းလည်းကွာတယ်..
ပါမောက္ခချုပ်အဆင့်ချင်းလည်းကွာတယ်.
ကျောင်းပြီးလို့ ၀န်ထမ်းလုပ်မယ်ဆိုလည်း မင်းတို့နဲ့နေရာချင်းမတူဘူး၊
လစာချင်းလည်းမတူဘူး အဲဒီတော့မင်းတို့ထက်တော့ သူတို့ကထောင်ချင်ထောင်လွှားမှာပေါ့ကွာ..ဒါက အရှိတရားပဲ"
ဆရာကြီးတစ်ယောက်ဆီမှ ကြားရသောစကားလုံးတွေပါ၊ ကျနော်နဲ့အတူကြားလိုက်ရသူတွေတစ်ချို့က မရိုးမရွဖြစ်ကြသည်ဆိုသော်လည်း ကျနော့အတွက်ဘယ်လိုမျှမခံစားရ။ ဘာ့ကြောင့်လည်းဆိုတော့ အဲဒီအရှိတရားကို ကျနော် အလေးအနက်လက်ခံမိတာကြာပြီမို့ဖြစ်ပါတယ်။ မတူဘူးဆိုတာတော့ ဒီကျောင်းကိုမတက်ခင်ကတည်းက သိတာပေါ့။ ဒါပေမယ့် "သိပ်မကွာပါဘူး ငါတို့အမှတ်တွေကလည်း ခေတာမှတ်လို့၊ အခုဝင်ခွင့်အမှတ်မှီသွားတဲ့ဘယ်သူဆို အရင်က လပတ်စာမေးပွဲဖြေတိုင်း ငါ့အောက်ကချည်းပဲ ၊ နောက်ပြီးဘွဲ့ရပြီးရင် သူတို့လည်းအလုပ်လက်မဲ့ ကိုယ်လည်းအလုပ်လက်မဲ့ တွေပဲဖြစ်မှာပဲ"ပေါ့ ဒီလိုပဲ ဖေါ့တွေး ဖြေတွေး နဲ့အတော်လေးနေသာထိုင်သာရှိခဲ့ပါတယ်။ အတန်းကြီးလာတာနဲ့အမျှ တချို့တွေက ကျနော်တို့ကိုနှိမ်တယ်၊ အဆင့်အတန်းခွဲခြားတယ်၊ စတဲ့အသံလေးတွေကြားရလာတယ်၊ ကြာတော့ ကိုယ်ပါ ခံစားတတ်လာတယ်။ "ဆယ်တန်းအမှတ်လေးမတူလို့ကျောင်းချင်းမတူ၊ ဘွဲ့ချင်းမတူတာနဲ့ ငါတို့တွေကို လူညံ့တွေလို့တစ်သက်လုံးသတ်မှတ်ကြရတော့မှာလား၊" ဆိုတဲ့အတွေးနဲ့ပေါ့ဗျာ။ ဒီလိုနဲ့ ဖိုင်နယ် ရောက်လို့ ဆေးလက်တွေ့ သင်ကြားဖို့ဆေးရုံတွေဆင်းရတော့ "နှိမ်တယ်၊ အဆင့်အတန်းခွဲတယ်" ဆိုတဲ့စကားတွေကို ကျနော်တို့ပိုပြီးကြားလာရတယ်။"မင်းတို့အဆင့်လောက်က ဒါတွေသိဖို့မလိုပါဘူး" ဒီလိုပြောတဲ့အခါမျိုးဆို ကျနော့် ရင်ထဲမှာ အင်မတန်နာကြင်ခဲ့ရတယ်၊ ဒါပေမယ့် ဒီ့ထက်ဘာမှမပိုခဲ့ဘူး။ တစ်နေ့မှာတော့ ကျနော့်ထက် အသက်ကြီးလျှင် အလွန်ဆုံး ၅ နှစ်လောက်သာကြီးမယ့် AS တစ်ယောက်က လူ့အသက်နှစ်ချောင်းကို ကျင်ကျင်လည်လည် ကိုင်တွယ်နေတာကိုကြည့်ပြီး သူမကိုကျနော် အတော်လေးစား အထင်ကြီးသွားမိတယ်။ လုပ်ရင်းကိုင်ရင်းနဲ့ပဲ သူမက ကျနော်တို့ကို စိတ်ရှည်လက်ရှည်ရှင်းပြနေသေးတယ်။ သူမရဲ့ ကျွမ်းကျင်မှုကို လေးစားအထင်ကြီးတာနဲ့ပတ်သက်ပြီး ကျနော့်အတွေးတွေဆက်တိုက်ပွားမိတယ်။ သူတို့တွေဟာ သူတို့ရဲ့နယ်ပယ်မှာ တကယ်တော်ပြီး တကယ်ကျွမ်းကျင်တဲ့သူတွေဆိုတာ ကျနော်အသိမှတ်ပြုတယ်။ အဲဒီနောက် ကျနော်တို့တွေကရော ကျနော်တို့ နယ်ပယ်မှာ တကယ်တော်ကြ တကယ်ကျွမ်းကျင်ကြသူတွေလား လို့ ကျနော်ဆက်တွေးမိတယ်။ ကျနော်..သေချာ မသိပါဘူး။ တချို့သူတွေကတော့ Public Health မှာ ငါတို့ကိုလာမယှဉ်နဲ့လို့ ပြောချင်ပြောရဲမှာပါ။ ကျနော်ကတော့ မရဲပါဘူး။ အဲဒီဆေးရုံမှာပဲ တစ်ရက်မှာ ဆရာတစ်ယောက်က "EPI" ရဲ့ အကျယ်ကိုမေးတော့ ကျနော်တို့( ၁၇ ယောက်) မဖြေနိုင်ခဲ့ပါဘူး။ နောက်ပြီး measle vaccine ဘယ်တော့ ထိုးသလဲမေးတော့လည်းပဲ မဖြေနိုင်ပြန်ပါဘူး၊ Pentavalent မှာဘာတွေပါသလဲမေးတော့လည်း မဖြေနိုင်ကြပြန်ပါဘူး၊ အားလုံးကမေ့နေကြတာပါ။ ဆိုတော့ အဲဒီဆရာက " Public health သမားတွေ!!!" လို့ အံ့သြတကြီး ရေရွတ်တာကို ခံခဲ့ရဖူးပါတယ်။ ကျောင်းသားအားလုံး မသိကြဘူးလို့မပြောနိုင်ပေမယ့် ကျနော်စိတ်ထဲမှာတော့ တော်တော်အားငယ်မိတယ်။ တချို့သူတွေပြောလာနိုင်တဲ့စကားက " ဒါကတော့ မင်းတို့ အုပ်စု ညံ့တာ" ၊ တချို့တွေကတော့ " ကျောင်းသား အဆင့်နဲ့ကတော့ ဒီလောက်ပဲ၊ သူတို့တွေ လုပ်ငန်းခွင်မ၀င်ခင်က လည်း လိမ်ဖည်လိမ်ဖည်ပါပဲ" ဒီလိုမှတ်ချက်ချ လာနိုင်တယ်။ ကျနော့အတွေးထဲမှာ ကျောင်းသားတွေတင်မဟုတ်ပဲ ကျောင်းပြီးသွားတဲ့သူတွေချင်းကိုပါ ယှဉ်ကြည့်မိတယ် ။ ဘယ်မှာလဲ တိုင်းပြည်ရဲ့ အသိမှတ်ပြုခံရမှု။ဘယ်မှာလဲ ပြည်သူရဲ့ အသိမှတ်ပြုခံရမှု။ နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ရန် လှည့်လည်ကြည့်ရှုတာတို့ အလုပ်ရုံဆွေးနွေးပွဲတို့ သတင်းစာထဲမှာ၊ ရုပ်မြင်သံကြားထဲမှာ ပါလာလို့ ငါတို့တွေတော့ပါတန်ကောင်းရဲ့ဆိုပြီး မျှော်လင့်တကြီး လှန်ဖတ်မိ၊ နားစွန့်မိပေမယ့် တစ်ခါတောင်ပါမလာဖူးပါဘူး။ "သားဘာတက်နေတာလဲ" လို့မေးခံရလို့များ ကိုယ့်တက္ကသိုလ် နာမည်ရွတ်ပြလိုက်တိုင်း " ဘယ်နားကလဲ။ သူနာပြုလား၊ ဆရာဝန်နဲ့တူသလား" စသဖြင့် ပြန်အမေးခံရတာ ဟာလည်း ကျနော့်အထင်တော့ ဒါဟာ ပြည်သူရဲ့အသိမှတ်ပြုမှုကို မခံရဘူးလို့ပဲ နားလည်သဘောပေါက်လိုက်ပါတယ်။ အဲဒါတွေက တိုင်းပြည်ရဲ့ ကျန်းမာရေးပေါ်လစီတို့ နိုင်ငံရေးပေါ်လစီတို့ အပေါ်မူတည်တယ်လို့ထင်မြင်တယ်ဆိုရင် နောက်ထပ်အချက်လေးတွေ ကိုပါ မျှဝေခံစားကြည့်ပါဦးလို့ တောင်းပန်ပါရစေ။ (ပြည်တွင်းပြည်ပ)အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေမှာ ကျနော်တို့ကျောင်းထွက် တွေက ဦးဆောင်ဦးရွက်ပြုနေတယ်ဆိုတဲ့ အကြောင်းတို့၊ ချီးမြှောက်ဂုဏ်ပြု ခံရတဲ့သတင်းတို့ တစ်ခါမျှမကြားမိပါ။ ( ကျနော်မသိခြင်းလည်း ဖြစ်နိုင်ပါတယ်)။ နောက်ထပ်ကျနော်မသိသော သတင်းတွေ အများအပြားရှိပါသေးတယ်။ "Dr" နဲ့အစချီတဲ့ ကလောင်တွေအများအပြားရှိသလို အခြားကလောင်အမည်တွေ အများအပြားရှိကြပေမယ့် ကျနော်တို့ကျောင်းထွက် ကလောင်တစ်ချောင်းတောင် မတွေ့ဖူးသေးပါ၊ ထို့အပြင် ဂီတ၊ ပန်းချီ၊ နိုင်ငံရေး၊လူမှုရေး စတဲ့နယ်ပယ်တွေမှာလည်း ထူးချွန်ပြောင်မြောက်နေတဲ့ ကျနော်တို့ကျောင်းထွက် တစ်ယောက်ကိုမျှ မကြားဖူးပါ။ဒါတွေကတော့ တစ်ဦးချင်းအရည်အသွေးတွေပါ။ အစမှာတုန်းကပြောခဲ့တဲ့ဆရာကြီးကပဲ ဆက်ပြောပါသေးတယ်၊ မင်းတို့အကိုကြီးတွေကို 10th batch လောက်ထိပဲ အလုပ်ပေးနိုင်သေးတယ်တဲ့၊ တစ်ချို့က NGO မှာတဲ့၊ တစ်ချို့တွေက လယ်လုပ်နေတယ်တဲ့၊ တစ်ချို့တွေကကျ သုံးဘီးမောင်းနေတယ်တဲ့။ ကျနော်ကတော့ လယ်လုပ်စရာမရှိဘူး အဲဒါကြောင့် ဆိုက်ကားတစ်စီးလောက်ကြိုဝယ်ထားရင်ကောင်းမလားလို့ စဉ်းစားမိတယ်ဗျ။ ကျနော်တွေးမိသမျှအချက်တွေအားလုံးကို ခြုံကြည့်လိုက်မိတော့ ကျနော်တို့ဟာ နှိမ်မည်ဆို နှိမ်ခံရထိုက်တဲ့ အဆင့်သာရှိကြောင်း ကောင်းကောင်းလက်ခံလိုက်တယ်။ အရင်ကတည်းကပဲ နိမ့်နိမ့် ခုမှပဲ နိမ့်နိမ့် နိမ့်တာဟာ နိမ့်တာပါပဲ။ သို့သော် နေရာတိုင်းတွင် မနိမ့်လို ကိုယ့်နယ်ပယ် ကိုယ်တတ်ကျွမ်းရာလေးတစ်ခုမှာတော့ဖြင့် ခေါင်းမော့လိုပါသေးတယ်။ ဒါဟာလည်း ကျနော့်အတွက် အလွန်စိတ်ကူးယဉ်ဆန်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လည်း ..ကျနော့်အဖြစ်သနစ်လေးကို ဆက်လက်မျှဝေပါရစေ။ ကျနော်ဟာ ကျနော်တို့(HA)ရဲ့ အခန်းကဏ္ဍကို မကြာသေးမှီ(Research protocol အစပြုချိန် )ကမှ ရိပ်မိရုံမျှ နားလည်ခဲ့ရပါတယ်။ အဲဒီအချိန်မှာမှ ကိုယ့်ပညာကို ကိုယ်တန်ဖိုးထားချင်သလိုလို ရှိလာသော်လည်း ထိုကိစ္စနှင့်ပတ်သက်ပြီးအသံပင် မထွက်ရဲ။ အဘယ့်ကြောင့်ဆိုသော် ကျနော်ဟာ လွန်ခဲ့တဲ့အတန်းတွေက Public Health အခြေခံတွေကို သေချာမသင်ယူခဲ့တဲ့အတွက် ထိုပညာများအကြောင်းကောင်းကောင်းမသိ။ ကျနော်လိုလူက မြတ်နိုးသည်ဟုပြောလျှင် ရယ်ကြမည်ပင်။ ကျနော့်လို ကိုယ့်ပညာရဲ့တန်ဖိုးကိုအသိနောက်ကျသောကျောင်းသားများ နောက်ထပ်ရှိမလာစေလို။ ဒါတွေသည် ဆရာကြီးများပြောနေကြတဲ့ " Product အရည်အသွေး "ကို ကျစေမယ့် အချက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျနော်အပါအ၀င် ကျနော်တို့ကျောင်းသားတွေရဲ့အရည်အသွေးက အနှိမ်ခံရဦးမယ့်အဆင့်မှာပဲရှိသေးတယ်လို့ ကြည်ကြည်ဖြူဖြူလက်ခံပါထားတယ်။ အဲဒီအနှိမ်ခံဘ၀ကနေ တတ်နိုင်သလောက်လေး ကျိုးစားရုန်းထွက်ကြည့်မယ်ဆိုတဲ့ အိပ်မက်လေးလည်း ကျနော့ရင်ထဲမှာကိန်းနေပါတယ်။ ကျနော်တို့တက္ကသိုလ်ကျောင်းတော်သူကျောင်းတော်သားများလည်း ရုန်းထွက်နိုင်ကြပါစေ။
ပထမဆုံးမှာပြောခဲ့တဲ့ ဆရာကြီးကပဲ ဆက်ပြောသေးတယ်ဗျ " မင်းတို့အရည်အချင်းရှိရင် မင်းတို့Public Health က အများနဲ့ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် Scholarship ပေးတဲ့ နိုင်ငံခြားတက္ကသိုလ်တွေ၊ စပွန်စာပေးတဲ့ NGO တွေ ပေါပါတယ်ကွ၊ ဒါပေမယ့် မင်းတို့ဘက်ကတော့ တော်ဖို့လိုတာပေါ့၊ ကိုယ့်ဘာသာရပ်မှာရော ၊ အင်္ဂလိပ်စာမှာ IELTS, TOFEL စတာတွေမှာရောတော်ရမယ်" တဲ့။ ကိုယ့်ဘာရပ်ကိစ္စကိုတော့မပြောလိုပါဘူး။ အင်္ဂလိပ်စာနဲ့ပတ်သက်လို့ ကျနော်က အရူးထနေတာကြာပြီ၊ အားရင် ဒေါင်းလော့လုပ်ထားတဲ့ English ဘာသာ အသံဖိုင် လေးတွေနားထောင်တာတို့ ၊ အချင်းချင်းကြားမှာပြောကြည့်တာတို့လုပ်ကြည့်တယ်။အဆင်ပြေလောက်မယ့်သူ နဲ့ ၊ ရင်းနှီးတဲ့သူတွေနဲ့ပဲပြောကြည့်တာပါ။ တချို့နဲ့ကတော့အဆင်ပြေပါတယ်။ ဒါပေမယ့် သူငယ်ချင်းနှစ်ယောက်လောက်စီက အံ့သြစရာကောင်းတဲ့ မှတ်ချက်လေးတွေကို ပြန်မျှဝေပါရစေဗျာ။ တစ်ယောက်က " ဟိတ်ကောင်ရာ မြန်မာလိုပြောလည်းရတဲ့ စကားကို မြန်မာလိုပဲပြောစမ်းပါ"တဲ့။ နောက်တစ်ယောက်က တော့ " မင်းအဖေက မြန်မာလား အင်္ဂလိပ်လား" တဲ့ဗျာ။ ထူးဆန်းတဲ့အချက်ကတော့ အဲဒီပါးစပ်တွေကနေ"MPh" ဆိုတဲ့စကားလုံးတွေ ထွက်ကျတာ ကျနော်မကြာခဏကြားကြားနေရတာပါပဲ။ ကျေးဇူးတင်ပါတယ်။
မှတ်ချက်။ ။အထက်ပါအကြောင်းအရာများအားလုံးဟာ ကျနော့ရဲ့ကိုယ်ပိုင်အမြင်၊ကိုယ်ပိုင်ခံစားချက်များကို မျှဝေခံစားခြင်းမျှသာဖြစ်ပါတယ်။ အမှားတွေအများကြီးပါနိုင်ပါတယ်။ အားလုံးလိုလိုပဲ အဆိုးတွေ၊ အပြစ်တွေ၊ မကောင်းတာတွေများသာဖြစ်တဲ့ အတွက် ကျနော့်အားအပြစ်တင်ရှုတ်ချကြမည်ကို မျှော်လင့်ပြီးဖြစ်ပါတယ်။ ကျနော့အားအကောင်းမြင်ရန် ကျနော်မမျှော်လင့်ထားပါ။ အဆိုးသာမြင်စေလိုပါတယ်။ အဆိုးမြင်ပြီးအကောင်းပြင်နိုင်ကြပါစေ။
copy from uchthantzin.blogspot.com