နွေအဝင် ၊ဆောင်းနတ်သမီး၏သက်တမ်းကုန်းခါနီး
တွင် အင်ကြင်းပန်းတို့ အတောမသတ် မြူးတူးကြ
သည်။ဖူးပွင့်ရသော အဖြစ်ကို ငြီးငွေ့ကုန် ၍ အေး
ချမ်းစွာ မြေပေါ်သို့ ကြွေလွင့် ထိုးဆင်းသည်။
"လှလိုက်တဲ့ အင်ကြင်းပန်းတွေ .....
ကူကောက်ပေးပါဦး"
ခိုင် နှင့်အတူ အင်ကြင်းပန်းကို ကောက်ခဲ့ဖူးသည်။
ပန်းကို ခေါင်းပေါ်မှာ ပန်ရင်း ပျော်နေသော ခိုင့်ရဲ့
မျက်နှာပေါ်က အပြုံးကို ကြည့်ပြီး တစိမ့်စိမ့်ပျော်ခဲ့
ဖူးသည်။
"ပန်းဆိုတာ သူ့အလှကို သူများ
ဆင်ဖို့ ပွင့်လာတာ မောင်ရယ် ၊
အသိအမှတ် ပြုပေးရမယ်နော် "
"ဟုတ်ကဲ့ပါ"ဟု ခိုင်၏ တောင်းဆိုမှုကို အသိအမှတ်
ပြုပေးခဲ့သည်။ခိုင် ကျေနပ်နေတာကို မြင်ပြီးတစ်ချိန်
လုံးပီတိ ဖြစ်ခဲ့ရသည်။
"ခိုင်က နေ သိပ်ကောင်းတာ မဟုတ်ဘူး
လေတိုက်ရင် အပြင်မထွက်နဲ့နော် ...
တော်ကြာ အရမ်းမောနေဦးမယ် "
. ...............................................
ခိုင်က နားမထောင်ပေ။ပန်းကို ကျွန်တော်နှင့် ထပ်
တူ ချစ်ပါသည်ဟု ဆိုသော ခိုင်သည် ပန်းစကား
ကိုသာ နားထောင်သည်။ကျွန်တော့် စကားကို နား
မထောင်သော်လည်း ခိုင် ပျော်နေလျှင် ကျွန်တော်
ပျော်သည်။
"မောင့်စကားကို ဘာဖြစ်လို့ နားမထောင်
တာလဲကွာ "
"မောင်က ခိုင့်အနားမှာ အမြဲ ရှိနေတာပဲ၊
ပန်းတွေက အမြဲပွင့်ရတာ မဟုတ်ဘူး။
ခူးလဲ မခူးရက်တော့ ကြွေတဲ့အချိန်
ကောက်ရတာပေါ့ မောင်ရယ် ......"
အရာအားလုံးသည် ခိုင့်သဘောသာ ဖြစ်သည်။
ကျွန်တော်တို့နှစ်ဦး၏ဘဝထဲတွင်ကျွန်တော့်ဆန္ဒက
ခိုင် ပျော်ဖို့ပင် ဖြစ်သည်။ခိုင့်ကို မြတ်နိုးသော
ကျွန်တော့်ရဲ့ချစ်မေတ္တာသည် အဆုံးမရှိ။ထာဝရ
မြတ်နိုးနှစ်သက်သော အကြင်နာ ဖြစ်သည်။ပန်းချစ်
တတ်သော ခိုင့်အတွက် အိမ်ဝန်းထဲမှာ နှင်းဆီ၊
စံပယ် ၊ဂန္ဓာမာ၊ခွာညို ၊အစရှိသော ပန်းများကို
စိုက်ပျိုးထားသည်။ခိုင့် စကားတစ်ချက်ကို သတိ
ရမိသည်။
"ပန်းတွေ ကြားထဲမှာ ခိုင်နဲ့ မောင်တို့ရဲ့
ဘဝတွေဟာဘုရင်နဲ့ ဘုရင်မ အတိုင်းပါပဲနော် "
........................................
အသည်းနုသော ခိုင် ။သနားစရာ ကောင်းသော
ခိုင့်ဘဝကို ကျွန်တော် စာနာသည်။နှလုံးဝေဒနာ
ရှိသည် ဟု သိချိန်က ကျွန်တော် တုန်လှုပ်ခဲ့ရ
သည်။မိသားစု တစ်ခုလုံးကလည်း လက်ထပ်ပေး
ရန် ငြင်းဆန်ခဲ့ကြသည်။
" စဉ်းစားပါ သားရယ်။အမေ ဘာမှ မပြောလိုဘူး၊
သားပဲပေါင်းမှာ ၊အမေတို့အားလုံးက သားကို
ချစ်လို့ ပြောနေကြတာ"
အမေက မိန်းမသားချင်း ကိုယ်ချင်းစာသဖြင့် နားလည်
ပေးသည်။ခိုင်နှင့် ကျွန်တော် ပေါင်းဖက်ရေးမှာ
ကျွန်တော်နှင့်သာ သက်ဆိုင်ခဲ့သည်။အနာဂတ်အရေး
တွေးရင်း စိတ်မောခဲ့ရသည်။ကျွန်တော့်ကို ကျွန်တော်
တစ်ချိန်လုံးတွေဝေစဉ်းစားခဲ့ရသည်။ခိုင့်ကို ချစ်တာ
ခိုင့်ဘဝလေးကိုပါ။ပြီးတော့ ခိုင့်နှလုံးသား ၊ခိုင့်
မေတ္တာ ။ကျွန်တော့် လိုအပ်သောကမ္ဘာလေးတစ်ခု
ကို ခိုင်က ပေးစွမ်းနိုင်သည်။ခိုင့်ကို အရေးစိုက်
ယုယနေရလျှင် ကျွန်တော်သည် သုခဘုံတစ်ခုမှာ
စံမြန်းနေရသလို။ခိုင့်ကို လက်ထပ်ခဲ့သည်။
အမေ့အိမ်တွင် နေလျှင် ခိုင် စိတ်ကျဉ်းကြပ်မည်
စိုးသဖြင့် ကိုယ်ပိုင် တိုက်တစ်လုံးဝယ်ပြီး
နှစ်ယောက်သား နေသည်။နောက်ပြီးခိုင် နှစ်သက်
သောပန်းများကို မရ ရအောင် ရှာပြီး အိမ်ဝန်းထဲမှာ
စိုက်ပျိုးထားသည်။
ခြံ၏နောက်ဖက်ခြမ်းမှာ ရှိသောမြက်ခင်းပြင် ပေါ်
တွင် စိန်ပန်းပင်များရှိသည်။ခိုင်က စိန်ပန်းများကို
အလွန် နှစ်သက်သူ ဖြစ်သည်။
...........................................................
နွေက ဖူးပွင့်လာသည်။ပူလိုက်သောရာသီဥတုက
ကျွန်တော်တို့ဘဝ၏အေးမြခြင်းကို ဖြိုခွင်းနိုင်စွမ်း
မရှိ။တမာပန်းတွေ ပြူစူထွက်လာသည်။
'"တမာပန်းရနံ့တွေ မွှေးလိုက်တာနော်
မလှဘူးလားဟင် "
"လှလဲ လှတယ်၊ မွှေးလဲ မွှေးတယ် ၊ဒါပေမယ့်
ခိုင့် လောက် ဘယ်လှမလဲ "
ဒီလို ပြောလိုက်သောအခါ ခိုင့်ပါးပြင် ပေါ် အပြုံးလေး
ပြေးလွှားသွားပုံကို ဘယ်လိုမှ မေ့မရပေ။အလွန်လှပ
သည်ဟု ဆိုသော ပန်းများသည် ခိုင့်ကို ကျေနပ်
ပျော်ရွင်အောင်လည်းလုပ်သည်။တစ်ခါတလေ
ရက်စက်သောအခါလည်း ရှိသည်။
"တမာပန်းတွေ ကြွေတာက သနားဖို့
ကောင်းလိုက်တ မောင်ရယ်၊အပင်
အောက်မှာ တမာပန်းတွေ နွမ်းခြောက်
အိပ်စက်နေကြပြီ..."
ခိုင့်မျက်ဝန်းမှ ကျလာသောမျက်ရည်ကို မြင်ရ၍
စိတ်မကောင်းဖြစ်ရသည်။တစ်ခါတလေ ပန်းတွေကို
မုန်းမိသည်။သို့ပါသော်လည်း ခိုင့်ကို ချစ်၍ကျွန်တော့်မှာ
ပန်းများကို မမုန်းနိုင်။
"မငိုပါနဲ့ကွာ...ခိုင်မျက်ရည်ကျရင် ပန်းတွေ
ကြေကွဲနေကြလိမ့်မယ် "
ဒီလိုမှ ခိုင် ဖြေသိမ့်ရာ ရသည်။ခိုင့် မျက်ရည်သည်
ကျွန်တော့်နှလုံးသားအတွက် အက်စစ် ပမာနှယ်။
ခိုင့် မျက်ရည်ကို စင်အောင် သုတ်ရန်မှာ ကျွန်တော့်ရဲ့တာ
ဝန် ဖြစ်သည်။
................................
ကျွန်တော် အလုပ်သွားလျှင် ခိုင်က ကွန်ပျူတာ
တစ်လုံးနှင့် အိမ်မှာ အလုပ်ရှုပ် ကျန်ခဲ့သည်။
ခိုင်က ကွန်ပျူတာနှင့် ဘွဲ့ရထားသည်။အလုပ်
လုပ်ချင်သည်ဟုခဏ ခဏ ပူဆာသည်။ကျွန်တော်
က ခိုင့်ကို အလုပ်မလုပ်စေချင်။ခိုင်က ကျန်းမာ
ရေး သိပ်ကောင်းသည် မဟုတ် ။ခိုင် အလုပ်လုပ်၍
ပင်ပန်းတာကို ကျွန်တော် မကြည့်ရက်။ကျွန်တော်
က ခိုင် ..ကိုယ်ကျန်းမာ၊စိတ်ချမ်းသာမည်ကိုပဲ
အချိန်တိုင်း မြင်ချင်သူပါ။ခိုင့်ကို အလုပ် လုပ်ခွင့်
မပေးသေးသဖြင့် ခိုင်က အိမ်မှာ တတ်ထားသော
ပညာကို လက်လှမ်းမီလောက် အသုံးချသည်။
ဒါတောင် ကျွန်တော်က ခိုင့်ကို စိုးရိမ် ပူပန်သည်။
ခိုင့်ကို အိမ်မှာ တစ်ယောက်တည်း စိတ်မချသဖြင့်
ခိုင့်အတွက် အကူအိမ်ဖော် တစ်ယောက်ကို ခေါ်
ထားပေးသည်။
"ခိုင်ရယ် ....ကိုယ် အလုပ်သွားတော့မယ်၊
လေတိုက်ရင် အပြင်ထွက်ပြီး ပန်းမကောက်
နဲ့။ကျန်းမာရေးကို အရေးစိုက်နော် "
ပန်းနှင့်ပတ်သက်လာလျှင် ကျွန်တော့်စကားကို
နားမထောင်သော ခိုင့်ကို အလီလီ အတန်တန်ပြော
ရသည်။ကျွန်တော် အလုပ်သွားခါနီးဆိုရင် ခိုင်က
အားငယ်နေ သလိုလို။ကျွန်တော်မှာတုံခနဲ့ ဆိုင်းခနဲ့
ဝမ်းနည်းရသည်။ကုမ္မဏီ ဝန်ထမ်းတစ်ယောက်၏
ဘဝကို ခိုင်က မလျော့မရဲ နားလည်ပေးပါသည်။
ညအိပ် ရာဝင်လျှင် ခိုင့် နူတ်ခမ်းမှကျလာသော
စကားများကြောင့် မျက်ရည်လည် မိသည်။
" မောင် မရှိတဲ့ချိန်ဆို ခိုင် အရမ်းအား
ငယ်တာပဲ။မောင်နဲ့တချိန်လုံး အမြဲနေ
ချင်တယ် "
ခိုင် နေချင်သော တစ်ချိန်လုံးဆိုတာ ကျွန်တော်
ဝန်မခံ ရဲသော အခြေအနေတစ်ရပ်ပါ။ကျွန်တော်
တို့နှစ်ယောက်၏ဘဝ သာယာလှပဖို့ဆိုသည်မှာ
ကျွန်တော် အလုပ်ကြိုးစားမှ ဖြစ်မည်။ကျွန်တော့်
မိဘ၊ ခိုင့်မိဘ များလည်း အိမ်ကိုစနေ၊တနင်္ဂနွေ
နေ့တိုင်း အလည်လာတတ်သည်။ခိုင်က သံယော
ဇဉ် ကြီးသူဖြစ်သဖြင့် ကျွန်တော့်မိဘ၊ညီလေးကို
တွယ်တာသည်။ခိုင်ကိုလည်း ချစ်ကြသဖြင့်
ကျွန်တော့်မှာ အတိုင်းထက်အလွန် ဝမ်းသာပီတိ
ဖြစ်၍အဆုံးပေ။
............................................
စိန်ပန်းပင်များ နီနီရင့်ရင့်နှင့် ပေါ်ပေါ်လွင်လွင်
ပွင့်နေသည်မှာ မနာလိုပင်ဖြစ်မိသည်။ခိုင် ချစ်သော
စိန်ပန်းတို့ ခိုင့်နှလုံးသားမှ ပျော်ရွင်မှုပန်းကို ဖူး
ပွင့်အောင် လုပ်သည်။သည်နေ့ရာသီဥတု
သိပ်မသာယာ။မြန်မာနိုင်ငံ အောက်ပိုင်းသို့
မုန်တိုင်းဝင်သည်ဟု သိရသည်။အလုပ်လာခါနီး
တွင် စိတ်ထဲ မှ တစ်မျိုး ခံစားရသည်။
အိမ်ဖော် မလေးကလည်း ဇာတိကို လွမ်းသဖြင့်
အိမ် ပြန်သွားသည်။ခိုင့် ကို စိတ်မချ၍ ဖြစ်နိုင်
သည်။
"မောင်တို့ မိဘတွေအိမ် မှာ
သွားနေလိုက်နော်၊ ခိုင့်ကို စိတ်မချဘူး။
မောင် အလုပ်နောက်ကျနေပြီ"
ခိုင့်ကို စိတ်မချ၍ သည်နေ့ အလုပ် မသွားချင်။
ဝန်ထမ်းကောင်းဆိုတာ အရမ်းအရေးမကြီးဘဲနှင့်
ပုဂ္ဂိုလ်ရေး ခံစားချက်ကို ရှေ့တန်းမတင်သင့်ပေ။
ကျွန်တော်အလုပ်မသွားလျှင် ကုမ္မဏီမှာ ကျွန်တော့်
နေရာ လစ်ဟ နေလို့ မဖြစ်။လစာကောင်းကောင်း
နှင့် အရေးကြီးသော နေရာကို ယူထားပါလျက်ပျက်
ကွက်လျှင်မသင့်တော်။
" ရပါတယ် မောင်ရယ် ။တစ်ခါတလေပဲ၊
တစ်ယောက်တည်းပျင်းလာရင် မောင်တို့
အိမ်ကို သွားနေလိုက်မယ် ၊ကုမ္မဏီကို
စိတ်ချလက်ချသာ သွားပါ "
" ဒီနေ့ ရာသီဥတု သိပ်မကောင်းဘူး ။လေ
တိုက်ရင် အပြင်မထွက်ပါနဲ့နော်"
ခိုင် ကတိ ပေးမှ စိတ်အေးစွာနှင့် ကုမ္မဏီသို့ ထွက်
လာနိုင်ခဲ့သည်။ခိုင့်ကို သတိရသော်လည်း ကုမ္မဏီ
မှာက ကုမ္မဏီနှင့် မပတ်သက်သူများနှင့် ဖုန်းပြော
ခွင့်မရှိ။ ခိုင့်ကို ပူပင်စိတ်တွေ နှင့် အလုပ်ထဲတွင်
ဈာန် မဝင်စား။အာရုံ စူးစိုက်ပြီး တော်တော် ထိန်း
လိုက်မှ အဆင်ပြေသွားသည်။
တဖြည်းဖြည်း၊တရွေ့ရွေ့နှင့် အလုပ်က ကျွန်တော့်
ကို အနိုင်ယူလာသည်။အချိန်တွေ ကုန်တာကို
ကုန်မှန်း မသိ။
"နှစ် နာရီ ထိုးပြီ။အလုပ် မဆင်းသေးဘူးလား
..ဆရာ "
ရွှေရည် သတိ ပေးမှ လက်က နာရီကို ကြည့်မိသည်။
နှစ် နာရီ ထိုးနေပြီ။
" ဟုတ်သားပဲ ၊၊ကျေးဇူးပါ ရွှေရည် "
" ရပါတယ် .....ဆရာ "
စာရွက် စာတမ်း၊စရင်းဇယားတွေကို စနစ်တကျ
ကမန်းကတန်း သိမ်းသည်။ကုမ္မဏီက ထွက်ပြီး
ခိုင့်ဆီကို ဖုန်းဆက်မည် အပြုမှာ လေက ရုတ်တရက်
တိုက်လာသည်။
..............
အလုပ်ထဲ ခေါင်းရှုပ်ရသည့်အထဲ လေညင်း၏
အရသာကို ရှုရှိုက်ရသည်မှာ သဘောတွေ့လှသည်။
" ဟ ဖိုးသားကြီး မိန်းမရပြီလားကွာ "
လက်က ဖုန်း လွတ်ကျပြီး ကွဲသွားသည်။ဖုန်းက
အလုပ်မလုပ်တော့ပေ။ဘယ်သူတွေလဲလို့ ဒေါပွပြီး
သေသေချာချာ လှည့်ကြည့်လိုက်တော့ ကျောင်း
တက်ဖက် နိုင်ကြီး၊ပေါလေး၊ဖိုးထောင် တို့ ဖြစ်နေ
သည်။
"မတွေ့တာ ကြာပြီကွာ ။မင်းတို့ကို
သတိရလိုက်တာ"
"မင်း မိန်းမ ရပြီဆို ။ငါ့တို့ကိုလည်း
မဖိတ်ပါလား"
ဒီကောင်တွေက မေးတော့ ဘာပြန်ဖြေရမည် မသိ။
ခိုင်နှင့် ကျွန်တော်တို့၏လက်ထပ်ပွဲကို ဖြစ်သလို
အလျင်အမြန် စီစဉ်လိုက်သဖြင့် မဖိတ်မိ။
" အဲဒီတုန်းက အရမ်းအလုပ်ရှုပ်နေလို့နား
လည်ပေးပါကွာ "
"ရတယ်။အေးဆေးပဲ၊၊ ခု မင်းကို နိုင်ကြီးက
ကျွေးချင်မွေးချင်လို့ လာခေါ်တာ "
နိုင်ကြီးကို တအံတသြ ကြည့်မိသည်။မျက်နှာ
စပ်ဖြဲဖြဲနှင့် ရယ်ကျဲကျဲ လုပ်နေသည်။
"နိုင်ကြီး မင်း ထီပေါက် လာတာလား "
"နိုင်ကြီး မိန်းမ ရလို့ကွာ "
ပေါလေး နှင့် ဖိုးထောင်က နိုင်ကြီးအစား တစ်ပြိုင်နက်
ဝင်ဖြေသည်။အံသြသည်။ကျောင်းတုန်းက တစ်သက်လုံး
မိန်းမမယူဘူး၊လူပျိုကြီး လုပ်မည်ဟု ကြူံးဝါးလာခဲ့သော
နိုင်ကြီး တစ်ယောက် ဘာစိတ်ကူးများ ပေါက်လေသည်
မသိ။အချစ်မကောင်းကြောင်းကို တစ်ချိန်လုံး ဟောပြော
ခဲ့သော နိုင်ကြီး။အံသြဖို့ ကောင်းလေစွ။
"ဘယ်လိုတွေ ဖြစ်ကုန်တာလဲ ငါ့ကိုလည်း
ပြောကြပါဦး"
"မေးမနေနဲ့တော့ ။ငါတို့နဲ့ လိုက်ခဲ့ ၊
ဟိုရောက်မှ အကုန်လုံး ပြောပြမယ် "
ကားထဲကို ဆွဲခေါ်သဖြင့် အတင်းလိုက်ပါ ခဲ့ရသည်။
ရုတ်တရတ် ခိုင့်ကို သတိရသည်။ဖိုးထောင် ဖုန်းနှင့်
ခိုင့်ဆီကို ဖုန်းခေါ်သည်။ဖုန်းဝင်သော်လည်း မကိုင်။
ကျွန်တော် နောက်ကျမည့်အကြောင်းကို မေ့ဆေ့
ပို့ထားခဲ့သည်။
.......................
တက္ကသိုလ်တက်တုန်းက အကြောင်းတွေကို ပြန်
လှန်ပြောရယ်မောရင်း၊နိုင်ကြီး၏နှလုံးသားအရေး
တော်ပုံကို လှောင်ပြောင်ရယ်ကြရင်း ၊စားသောက်
ကြရင်းအချိန်တော်တော် လင့်သွားသည်။
ငနဲ့တွေက မူးနေကြပြီ။ကျွန်တော်က နည်းနည်းပဲ
သောက်သဖြင့် သိပ်မမူး။ခိုင့်ကို သတိရနေသော
စိတ်တွေက နိုးကြားဆဲ၊၊
" ငါ ပြန်တော့မယ် ..."
" အေး....ပြန်...ကွာ...နောက်မှ.
...ထပ်..တွေ့မယ်"
ခိုင်ကို တွေ့ချင်စိတ်ကို ထိန်းမရ။ခိုင် တစ်ယောက်
အိမ်မှာ တစ်ယောက်တည်း အထီးကျန်အားငယ်
နေပြီလား။Taxi ငှားပြီး ခိုင့်ဆီကို အပြေးလှမ်း
ခဲ့သည်။အိမ်က တိတ်ဆိတ်နေသည်။အိမ်ရှေ့က
ပန်းပင်တို့ မဲ့လျက် ရှိသည်။အိမ် ထဲကို ဝင်ပြီး
ခိုင့်ကို ခေါ်ကြည့်သည်။ခိုင်ရဲ့ ထူးသံကို မကြားရ။
စိတ် တစ်ခုလုံး ထူပူသွားသည်။ခိုင့်ကို အိမ်ခန်း
အကုန်လုံးမှာ လိုက်ရှာသည်။ရှာမတွေ့၊၊မေမေတို့
ဆီကို ဖုန်းဆက်ကြည့်သည်။
" ခိုင် မလာဘူး ကိုကို " ဟု ညီလေးဆီကပြန်ပြော
သံ ကြားရသည်။ခိုင့် မိဘတွေဆီကို ဖုန်းဆက်
ကြည့်ပြန်သည်။ဘာမှ မထူး။ကျွန်တော် တကယ်
ရူးပြီ ထင်သည်။ဘာမှာ သွားရှာရမည်လဲ၊၊ခိုင့် ဖုန်း
ထဲမှာ miss call နှင့် message တွေကိုတွေ့
သည်။ခြံတံခါး ပွင့်နေကတည်းကခိုင် ရှိမှန်းသိ
သည်။
" ခိုင်ရယ် မင်းဘယ်မှာများ ပုန်းနေတာ
လဲကွာ "
ထိုစဉ် လေက တိုက်ခတ် လာသည်။လေ တိုက်
သောအခါ စိန်ပန်းတို့ ကြွေသည်။စိန်ပန်းကို ချစ်
သော ခိုင်သည် စိန်ပန်းပွင့်များကို လိုက်ကောက်
ရင်းစိန်ပန်းပင်အောက်တွင် ရှိနေလိမ့်မည် ထင်
သည်။
ညနေ ဆည်းဆာက တောက်ပလင်းထိန် ၍
ရောင်ခြည် ပျို့အန်ကာ နေသည်။ခိုင့်ကို မြင်ရဖို့
မြက်ခင်းပြင် ဘက်သို့ လျှောက်ခဲ့သည်။မြင်ရသော
မြင်ကွင်းကို ကျွန်တော့်မျက်ဝန်းက အယုံအကြည်
မရှိ။စိန်ပန်းပွင့်ဖတ်များကို အဝိုင်းပြုလုပ်၍ အလယ်
တွင် လဲနေသောခိုင့်ကို တွေ့ရသည်။
" ခိုင့်.................."
အော်ခေါ်ပြီး ခိုင့်ဆီကို အလျင်အမြန် ပြေးသွားမိ
သည်။ခိုင် ရဲ့ နုထွေးသော ပါးပြင်ကို ယုယုယယ
ကိုင်မိတော့ ကျွန်တော်လက်ကို ရုတ်တရက်
ရုတ်မိသည်။ခိုင့် ပါးပြင်လေးအေးစက်နေသည်။
နောက်ပြီး ........
ခိုင့် လက်ကလေး......။ကျွန်တော် ငိုချင်လာသည်။
ခိုင့်  သွေးခုန်နှုန်းတို့ ပျောက်၍ ခိုင့် နှလုံးတို့
မခုန်တော့ပြီ။ကျွန်တော့်မျက်ဝန်းမှ မျက်ရည်တို့
ကျလေပြီ။
"ခိုင်ရယ် ကိုယ့်ကို ထားရစ်ခဲ့ပြီလားကွယ်"
စိန်ပန်းတွေကြားထဲမှာ ခိုင်က ကျွန်တော့်ကို ပြန်မ
ပြောတော့ပေ။ခိုင် ဒီလို ဖြစ်ရတာ ကျွန်တော့်
အပြစ်။ခိုင့်ကို အရေးစိုက်ရန်မှာ ကျွန်တော့်နှလုံး
သား၏ဆန္ဒ .....စိတ်အလိုကို လိုက်လွန်း၍ အရေး
စိုက်ရန် ပေါ့လျော့သော ခဏလေးမှာ ခိုင့်ဘဝလေး
.....နွမ်း...ပါး..သွားလေပြီ၊၊
စိန်ပန်းကို ချစ်သော ခိုင်....။စိန်ပန်းတွေကြားထဲမှာ
ဘုရင်မ တစ်ပါး၏နတ်ရွာစံခြင်းမျိုးနှင့် ငြိမ်းချမ်းစွာ
အိပ်စက်နေပြီလားကွယ်။ပူဆွေးမှုကို ထိန်းချုပ်၍ မရ။
ကျွန်တော့်မျက်ဝန်းမှ ကျသော မျက်ရည်များသည်
ဘဝမှာ တစ်ခါမှ မကျဖူးသော ပူဆွေးမှုတွေ......။
ကျွန်တော့်ရင်ထဲက ကြေကွဲမှုတွေကို ခိုင်...
.မသိနိုင်တော့ပါလေ။
........................................................................
ခိုင်မရှိတော့သော အချိန်တွင် ဒီကမ္ဘာတွင် ပွင့်ဖူး
ကြသော ပန်းများသည်အလှမစုံတော့ပေ။ခိုင် ချစ်သော ပန်း၊
ခိုင့်ကို ချစ်ကြသော ပန်းတို့သည်လည်း မပြုံးမ
ပျော်ကြ။
"ပန်းတွေ ကြားထဲမှာ ခိုင်နဲ့ မောင်တို့ရဲ့
ဘဝတွေဟာဘုရင်နဲ့ ဘုရင်မ
အတိုင်းပါပဲနော် "
ခိုင် ပြောခဲ့သော စကားကို သတိရရင် မျက်ရည်ကျ
သည်။ခုတော့ ပန်းတွေ၏အလယ်တွင် ဘုရင် တစ်
ပါးတည်း မပျော်နိုင်တော့။
ခိုင် မရှိတော့သောဘဝသည် ပင်လယ်ပြင်တွင်
ရေတို့ ခန်းခြောက်သွားသလိုပါ။အေးချမ်းသည့်
ဘဝလေး တစ်ခု ပြိုလဲခဲ့ပြီ။
ပန်းပင် ပန်းရိပ် တွင် ခိုင့်ကို မြင်ယောင်မိသည်။
လေတိုက်၍ ပန်းတွေကြွေတိုင်း ခိုင်...ပန်းပင်
အောက်မှာ ပန်းကောက်လျက် ရှိမည် ထင်တုန်း။
ခိုင် ဆိုသော ကျွန်တော့်နှလုံးသားသည် ကြေကွဲ
နွမ်းလျ နေပြီ။ပန်းတွေဖူးဆဲ၊ ဝေဆဲ ၊ပွင့်ဆဲ ၊၊
ကျွန်တော့်ဘဝထဲက ခိုင်..ဘယ်နေရာများ ပွင့်နေ
ပါသလဲ.။
ခိုင်က ကျွန်တော့်ဘဝထဲမှာ ထာဝရ ဖူးပွင့်နေ
သော ပန်းတစ်ပွင့်ပါ။ခုလဲ ပွင့်ဆဲ၊၊နောင်လည်း
ပွင့်နေဦးမည်။နှလုံးသား ရှင်သန်နေသရွေ့ ခိုင်
ဆိုသောပန်းတစ်မျိုးသည် အချိန်တိုင်း ပွင့်နေ
ဦးမည်။
ပန်းတွေကို မြင်တိုင်း ခိုင့်ကို သတိရသည်။ပန်း
တွေ ကြွေတိုင်း ခိုင့်ကိုလွမ်းသည်။သတိရလွမ်း
ဆွတ်နေရသော အဖြစ်သည် ဝေဒနာတစ်ခုဆိုလျှင်
ဒီဝေဒနာနှင့်ပဲ ဘဝ အဆုံးသတ်သွားပါရစေ။
ဒီကမ္ဘာပေါ်ဝယ် ပန်းတွေ အားလုံး မဖူးပွင့်တော့
သော နေ့သည် ခိုင့်ကို မေ့၍ ဘဝသေဆုံးသော
နေ့ဖြစ်ပါလိမ့်မည်။
ခိုင့် အုတ်ဂူထဲမှာ ခိုင် ချစ်မြတ်နိုးသော ပန်းများနှင့်
ခိုင့်ကို လွမ်းဆွတ်မှု ပြုသည်။စိတ်နှလုံးဖြူစင်သော
ခိုင်....ကောင်းသည့် ဘုံတစ်ခုမှာ ကျင်လည်နေပါ
လိမ့်မည်။ပန်းမျက်ရည် သည် ကျွန်တော့်နှလုံးသား
မှကျသော ပူဆွေးရည်နှင့် ထပ်တူ ပါ။
"ခိုင်ရယ်...ခိုင် မရှိတဲ့အချိန်မှာ မောင့် ဘဝဟာ
အထီးကျန် အသက်မဲ့ နေရသလိုပါပဲ ၊မင်း
ချစ်တဲ့ပန်းတို့ ပွင့်နေကြတယ်၊ခိုင် မပန်
တဲ့ပန်းဟာ အလှလည်း မရှိ ၊ ရနံ့လဲ မမွှေး ၊
မောင့်မျက်ရည်နဲ့ ခိုင့်ပန်းတွေ ရှင်သန်အောင်
စိုက်ပျိုးထား ပါ့မယ်။မင်းမရှိ တော့ပေမယ့်
မင်းချစ်တဲ့ပန်းတွေ ပွင့်နေသရွေ့ မောင် ..
.ခိုင့်ကို လွမ်းနေမယ်...ခိုင် "
လင်းသစ်ကြယ်...
No comments:
Post a Comment