HIVပိုးခံစားနေရသော ကလေးငယ်တစ်ဦး၏ ရင်ဖွင့်သံ
"သားကိုယ်သား သိလိုက်ရတဲ့အချိန်ကျတော့ သားဘယ်လိုမှနေဘူး။သား…သား ဘယ်လိုမှနေပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ဒါက ရှေးဘဝက သူများကို မကောင်းကြံခဲ့လို့ ကိုယ်လည်း ဒီဘဝမှာ ရောဂါမျိုးစုံခံစားရတာလို့ တွက်မိပါတယ်"
"သား ဒီကိုရောက်လာတာက အဖေ့ရဲ့သူငယ်ချင်း ပို့ပေးလို့ပါ။သား…အဖေနဲ့နေတုန်းက အမှတ်တရတွေအများကြီးပဲ။အဖေက ရုပ်ရှင်လိုက်ပို့တယ်။ကစားကွင်းလိုက်ပို့တယ်။ပြီးကျရင် အဖေနဲ့ လျှောက်သွားကြတယ်။ရေခဲမုန့်တွေစားတယ်။ပြီးကျရင် လက်ဖက်ရည်ဆိုင်တို့မှာ ဘောလုံးပွဲတွေ သွားကြည့်ပါသေးတယ်"
"ဒီရောက်လာတာလည်း ပျော်တယ်။သူငယ်ချင်းတွေ အများကြီးပဲ။သူငယ်ချင်းတွေနဲ့လည်း ခင်တယ်"
"သား အဖေဆုံးတော့ ဝမ်းနည်းတယ်။ဒါပေမဲ့ သား ငိုဘူး။မငိုပါဘူး။သားလည်း တစ်နေ့သေရမှာပဲ။သား စာအုပ်တွေအမြဲတမ်းဖတ်တယ်။တရာစာအုပ်တို့လည်း ဖတ်ဖြစ်ပါတယ်။တရားစာအုပ်ထဲမှာ ဗဟုသုတတွေ အများကြီးရတယ်။အဲဒါနဲ့ အဲလိုပဲ။ဗဟုသုတတွေကနေ ကိုယ်ကောင်းနိုးရာရာလေးတွေ ကောက်နူတ်ထားတာ။အဲဒါနဲ့ အဖေသေတော့လည်း ငိုဘူး။အဘွားသေတော့ ကလေးမို့ ငိုမိတယ်။ဒါပေမဲ့ အခုတော့ စိတ်ထဲမှာ ဘယ်လိုမှတော့ မနေဘူး။ပေါ့တယ်။ဒီရောက်လာတာလည်း ကိုယ့်ရဲ့ ကံတရားပဲလေ။သူများမိသားစုတွေ တွေ့ရင်တော့ ဝမ်းနည်းမိတယ်။ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ပြန်တွက်ကြည့်တော့လည်း ဒါ ဟိုရှေးဘဝတုန်းက မကောင်းမှုလုပ်ခဲ့ပါလားလို့ ပြန်တွက်ကြည့်မိတယ်။အဲတော့ သား ဝမ်းတော့ ဝမ်းနည်းမိတယ်။ဒါပေမဲ့ သား ဘာမျှဖြစ်ပါဘူး။ပျော်ပါတယ်။သူတို့မိသားစုတွေ ပျော်တာကြည့်ပြီးလည်း ဝမ်းသာပါတယ်။သူတို့ အဲလိုမိသားစုတွေရှိတာကို သား သူတို့ကြည့်ပြီး ကျေနပ်ပါတယ်။ပျော်ပါတယ်။သား အဖေ၊အမေရှိမယ်ဆိုရင် သား တူတူနေချင်တယ်။ဘယ်တော့မှ မိခွဲဖခွဲ မနေချင်ပါဘူး။သား ရုပ်ရှင်တို့၊ကစားကွင်းတို့ကို အဖေ၊အမေနဲ့ တူတူသွားချင်တာ။အမေရှိရင် သားကို ညအိပ်ရာဝင် နဖူးကလေးနမ်းပြီး ပုံပြင်ကလေးပြောပြမယ်။ပြီးကျရင် မနက်ကျရင်လည်း အမေတို့အဖေတို့နဲ့ မျက်နှာအတူတူသစ်ပြီးတော့ ထမင်းဝိုင်းမှာ ထမင်းလက်ဆုံးစားရတာကို ပျော်တယ်။သားကို ကျောင်းလိုက်ပို့တာလည်း ပျော်တယ်။ဒါပေမဲ့ သား ဒါတွေတစ်ခုမှ မကြုံခဲ့ပါဘူး။သားအမေက သားတစ်နှစ်သားကတည်းက ဆုံးသွားခဲ့တာပါ။သားအဖေက သားဆယ့်လေးနှစ်ကျမှ ဆုံးသွားခဲ့တာပါ။သား မိသားစုပုံလေးတွေ ဆွဲတယ်။အမေပုံ သားက သိပ်မဆွဲတတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ သားက အမေကို မမြင်ဖူးလို့ပါ။ဒါပေမဲ့ သူများမိသားစုကျတော့လည်း အမေရှိရဲ့အဖေရှိရဲ့သူတွေကျတော့လည်း မိသားစုကို တန်ဖိုးမထားတတ်ကျပါဘူး။သား ပြောချင်တာတစ်ခုက အမေ၊အဖေတွေအားလုံးကို တန်ဖိုးထားကြပါ။ကိုယ်နဲ့မကွာ ပြုစုကြပါလို့ သား ပြောချင်ပါတယ်"
"သား အဖြစ်ချင်ဆုံး ဆန္ဒကြီးက မိဘတွေရှိချင်တာပါ။ဘာဖြစ်လို့လဲဆိုတော့ မိဘတွေဆိုတာ ဘယ်သူနဲ့မှ မတူပါဘူး။မိဘဆိုတာ သား၊သမီးအပေါ်မှာ ချစ်ခင်မှုပေးတယ်။ကြင်နာမှုပေးတယ်။ဖျားတာနာတာတွေလည်း မိဘက ကိုယ်တိုင်ပြုစုပေးတယ်။သား၊သမီးကို ဘယ်တော့မှ မကောင်းတဲ့လမ်းမပို့ဘူး။ကောင်းတဲ့လမ်းပဲ ပို့တယ်။အမြဲတမ်း သွန်သင်ဆုံးမတတ်တယ်။အဲဒါကြောင့် မိဘကို ရှိချင်တာပါ"
"သား ကျောင်းလည်းတတ်ချင်တယ်။သား အသက်ကြီးလာလို့ ကျောင်းသမားဖြစ်ပြီဆိုရင် ဒီနေရာ၊ဒီအိမ်၊ဒီဒေသကို ဘယ်တော့မှမမေ့ပါဘူး။သား ကျိန်ရဲပါတယ်။သား ဒီမှာ ကျောင်းမတတ်ရသေးတာက သား TCရယ်၊ကျောင်းထွက်လက်မှတ်ရယ် မရသေးလို့။TCရယ်၊ကျောင်းထွက်လက်မှတ်ရယ် ပို့ပေးမယ်လို့တော့ ပြောတယ်။ပို့ပေးတော့ ပို့ပေးတော့လို့တော့ ပြောတယ်။သား ကျောင်းတတ်ရတော့မှာပါ။ပျော်တယ်။ကျောင်းတတ်ရမှာကို။သူများတွေ ကျောင်းသွားတာကိုမြင်ရင် သူငယ်ချင်းတွေကြားမှာ ကိုယ်ပါကျောင်းသွားသလို ခံစားရတယ်။သား ARTဆေးသောက်နေတာ မနက်၈နာရီ၊ည၈နာရီပါ။သားကိုယ်သား ကျန်းမာအောင်တော့ နေတယ်။ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကျန်းမာမှ၊ကိုယ်စားနိုင်မှ ဘဝမှာ အရာရာကို ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။သား ကျန်းမာအောင်လည်း နေတယ်။ဘယ်တော့မှ စိတ်ဓာတ်မကျဘူး။
ဗီဒီယိုဖိုင်ကို အောက်တွင် ဒေါင်းယူနိုင်ပါသည်။
ဖိုင်ဆိုဒ် - 6.78MB
>>> Download <<<
Subscribe to:
Post Comments (Atom)
No comments:
Post a Comment