တစ်ခါက တောကျောင်းလေးတစ်ခုမှာ သီတင်းသုံးတဲ့ ဘုန်းကြီးတစ်ပါးဟာ ရေနွေးကြမ်း အလွန်ကြိုက်သတဲ့။ ဘုန်းကြီးဟာ ရေနွေးကို ကိုယ်တိုင် ကျိုချက် သောက်လေ့ရှိတယ်။
တစ်နေ့မှာ ဘုန်းကြီးဟာ ဈေးထဲမှာ လျှောက်သွားရင်း ပစ္စည်း အဟောင်းဆိုင်မှာ သံရေနွေးကရားအိုး တစ်လုံးတွေ့တယ်။ ရေနွေးအိုးက ညစ်ပတ် ပေတူးနေပြီး သံချေးတွေလဲ တက်နေတယ်။ ဒါပေမယ် ဘုန်းကြီးက အိုးကို ကြိုက်တာနဲ့ ဝယ်သွားတယ်။ ကျောင်းရောက်တော့ သံချေးတွေ ကုန်စင်အောင် တိုက်ချွတ် ဆေးကြောလိုက်တယ်။
ဘုန်းကြီးက ကျောင်းမှာနေတဲ့ တပည့် သုံးယောက်ကို ခေါ်ပြီး မီးဖိုဆောင်မှာ ရေနွေးတည်ဖို့ သွားကြတယ်။ မီးဖိုဆောင်ရောက်တော့ မီးသွေးမီးဖိုတစ်ဖို မွှေးပြီး ရေနွေးတည်ကြတယ်။ မီးဖိုဘေးမှာ ဘုန်းကြီးနဲ့ ကျောင်းသား သုံးယောက် ဝိုင်းထိုင်ပြီး စောင့်နေကြတယ်။ အိုးထဲက ရေနွေးကလဲ ပူလာပြီ။
အဲဒီတုန်း ရေနွေးအိုးမှာ ထူးထူးခြားခြား ခေါင်းရယ်၊ ခြေထောက်လေးချောင်းရယ်၊ အမြီးရယ် ထွက်လာပြီး ခွေးတူဝက်တူ လေးဖြစ်သွားတယ်။ ရေနွေးအိုးဆီက
“အား… ပူတယ်ဗျ”
လို့ အော်သံ ကြားရတယ်။ နောက်ပြီး
“မီးလောင်နေပြီ၊ မီးလောင်နေပြီ”
လို့အော်ပြီး ရေနွေးကရားဟာ မီးဖိုပေါ်က ခုန်ချပြီး ထွက်ပြေးတယ်။
ဘုန်းကြီးက
“ဖမ်းကြပါဟ၊ ဖမ်းကြပါဟ”
လို့အော်တယ်။
ကျောင်းသားတစ်ယောက်က တံမျက်စည်းကို ယူ၊ နောက်တစ်ယောက်က မီးညှပ်ကို ယူ၊ ကျန်တဲ့ တစ်ယောက်က တူရွင်းကိုကိုင်ပြီး ရေနွေးကရားကို ဝိုင်းဖမ်းကြတယ်။ နောက်ဆုံးမှာ ရေနွေးကရားကို ဖမ်းမိတယ်။ အဲဒီအချိန်မှာတော့ ခြေထောက်တွေ၊ ခေါင်းတွေ၊ အမြီးတွေ မရှိတော့ဘူး၊ ပကတိ ရေနွေးကရားလေးပဲ ဖြစ်တယ်။
ဘုန်းကြီးက
“ဒီကရားဟာ ကြိမ်စာသင့်နေတာပဲ၊ ဒါမျိုးကို ကျောင်းမှာထားလို့ မတော်ဘူး”
လို့ပြောတယ်။
ခနနေတော့ ပစ္စည်းဟောင်းဝယ်သူ အဟောင်းသည်တစ်ဦး ကျောင်းကို ရောက်လာတယ်။
ဘုန်းကြီးက
“ဒကာကြီး ဘုန်းကြီး ဒီကရားအိုးကို ရောင်းချင်တယ်၊ ဒကာကြီး ပေးချင်သလောက် ပေးပြီး ယူသွားပါ”
လို့ပြောတယ်။
အဟောင်းသည်က ကရားကို လက်မှာ ဆ ကြည့်လိုက်ပြီး ငွေနဲနဲပေးပြီး ဝယ်သွားတယ်။ သူက ဒီလို ပစ္စည်း အချောင် ရလိုက်လို့ ပျော်ရွှင်စွာနဲ့ လေကလေးချွန်ပြီး ပြန်သွားတယ်။
ညရောက်တော့ အဟောင်းသည် အိပ်နေတုန်း
“ကုန်သည်ကြီး၊ ကုန်သည်ကြီး”
လို့ ခေါ်သံကြားရတယ်။
“ငါ့ကို ဘယ်သူခေါ်နေတာလဲ”
လို့ပြောရင်း ဖယောင်းတိုင် ထွန်းလိုက်တယ်။
ခွေးတူဝက်တူရဲ့ ခြေ၊ လက်၊ ဦးခေါင်း၊ အမြီး တွေပါတဲ့ ရေနွေးကရားလေးက သူ့ခေါင်းအုံး ဘေးမှာ ရပ်နေတယ်။
အဟောင်းသည်က
“မင်းက ငါနေ့လည်တုန်းက ဝယ်လာတဲ့ ရေနွေးကရား မဟုတ်လား”
လို့ မေးလိုက်တယ်။
ကရားက
“ဟုတ်ပါတယ်၊ ဒါပေမယ့် ကျနော်က ရိုးရိုးရေနွေးအိုး မဟုတ်ပါဘူး၊ ရေနွေးကရားယောင် ဆောင်ထားတဲ့ ခွေးတူဝက်တူ မောင်ကံကောင်းပါ။ ဘုန်းကြီးက ကျနော့်ကို မီးဖိုပေါ်မှာ တင်ထားလို့ ကျနော် ထွက်ပြေးရတာပါ။ ခင်ဗျားကသာ ကျနော့်ကို ကောင်းကောင်း ဆက်ဆံပြီး မီးဖိုပေါ်မတင်ပဲ ကျွေးမွေး ထားမယ်ဆိုရင် ကျနော် ခင်ဗျားနဲ့နေပြီး ခင်ဗျားကို ကူညီပါ့မယ်။”
လို့ပြောတယ်။
အဟောင်းသည်က
“ထူးဆန်းလှချေလား၊ မင်းက ငါ့ကို ဘယ်လို ကူညီမှာလဲ”
လို့ပြောတယ်။
ကရားက အမြီးလေးကို ရမ်းရင်းနဲ့
“ကျနော်က အထူးအဆန်း မျိုးစုံ လုပ်ပြတတ်ပါတယ်။ ကျနော့်ကို ရုံသွင်းပြီး ပြပါ။ ကြည့်မယ့် ပရိတ်သတ်ကို လက်မှတ် ရောင်းပါ။ ပိုက်ဆံတွေ အများကြီး ရမှာပါ”
လို့ပြောတယ်။
အဟောင်းသည်က
“ဒါ အကြံကောင်းပဲ”
လို့စဉ်းစားမိတယ်။
နောက်တနေ့တော့ အဟောင်းသည်က သူ့အိမ်ရှေ့မှာ ပြပွဲရုံတစ်ခု ဆောက်ပြီး ဆိုင်းဘုတ် ကြီးကြီး တစ်ခု တင်တယ်။ ဆိုင်းဘုတ်မှာ “ရေနွေးကရားလေး မောင်ကံကောင်း၏ မှော်ပဉ္စလက် ပြကွက်များ”လို့ ရေးထားတယ်။
တနေ့တခြား ရေနွေးကရားလေး မောင်ကံကောင်းကို ကြည့်ရှုအားပေသူတွေများ လာတယ်။ နေ့တိုင်းနေ့တိုင်း အဟောင်းသည်က ရုံရှေ့မှာ လက်မှတ်ရောင်းတယ်။ ရုံပြည့်ရင် ဗုံကို တီးတယ်။ အဲဒီအခါမှာ မောင်ကံကောင်းက ထွက်လာပြီး ပြကွက် အမျိုးမျိုးကို ပြတယ်။ လူကြိုက်အများဆုံး ပြကွက်ကတော့ မောင်ကံကောင်းက ကြိုးတန်းပေါ်မှာ လက်တစ်ဖက်မှာ ထီး၊ တစ်ဖက်မှာ ယပ်တောင် ကိုင်ပြီး ကပြတဲ့ ပြကွက်ပါပဲ။ ပွဲတစ်ပွဲပြီးတိုင်း မောင်ကံကောင်းကို ဆန်မုန့်တစ်ခု အမြဲ ကျွေးတယ်။
နေ့တိုင်းနေ့တိုင်း မောင်ကံကောင်းကို ရုံသွင်းပြီး ပြဖို့ လက်မှတ်ရောင်းရငွေဟာ များပြားလာတာကြောင့် အဟောင်းသည်ဟာ အလွန်အမင်းကို ချမ်းသာလာတယ်။
သူက မောင်ကံကောင်းကို
“မောင်ကံကောင်း၊ မင်းလဲ နေ့တိုင်း ပြပွဲတွေ ပြရတာ တော်တော် ပင်ပန်းနေလောက်ပြီ။ ငါလဲ ပိုက်ဆံတွေ အလုံအလောက်ရပြီ။ အဲဒီတော့ မင်း ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ အနားယူချင်ရင် ယူပါတော့”
လို့ ပြောတယ်။
မောင်ကံကောင်းက
“ဟုတ်တယ်၊ ကျနော်လဲ ပင်ပန်းလှပြီ။ ဘုန်းကြီးကျောင်းမှာ အနားတော့ ယူချင်ပါတယ်။ ဒါပေမယ့် အဲဒီဘုန်းကြီးက ကျနော့်ကို မီးဖိုပေါ် တင်မှာပေါ့။ ဆန်မုန့်လဲ ကျွေးမှာ မဟုတ်ဘူး”
လို့ ပြောတယ်။
အဟောင်းသည်က
“ဒါ အကြံကောင်းပဲ”
လို့စဉ်းစားမိတယ်။
နောက်တစ်နေ့မှာ အဟောင်းသည်က မောင်ကံကောင်းကို ဘုန်းကြီးကျောင်းခေါ်သွားတယ်။ ဆန်မုန့်တွေလဲ ယူသွားတယ်။
ဘုန်းကြီးကျောင်းရောက်တော့ အဟောင်းသည်က ဖြစ်ခဲ့သမျှ အကြောင်းစုံ လျှောက်ထားတယ်။ ပြီးတော့ မောင်ကံကောင်းကို ကျွေးမွေးဖို့ ငွေကြေး လှူဒါန်းတယ်။
သူက ဘုန်းကြီးကို
“အဲဒီတော့ ဆရာတော်က မောင်ကံကောင်းကို ဒီ ဆန်မုန့်ကို အမြဲ ကျွေးထားပြီး အေးအေးချမ်းချမ်း နေခွင့်ပေးပါ။ မီးဖိုပေါ်လဲ မတင်ပါနဲ့”
လို့ ပြောတယ်။
ဘုန်းကြီးက
“စိတ်ချ ဒကာ၊ ငါ သူ့ကို ကျက်သရေဆောင်မှာ ထားပေးပါ့မယ်”
လို့ ပြောတယ်။
ဘုန်းကြီးက တပည့် ၃-၄ ယောက် ခေါ်ပြီး ကျက်သရေဆောင်မှာ ခုံနှစ်ခုံ ခင်းစေတယ်။ ခုံတစ်ခုမှာ မောင်ကံကောင်းကို တင်ထားပြီး ကျန်တစ်ခုံမှာ ဆန်မုန့် တင်ထားစေတယ်။ ဒီနေ့အထိ မောင်ကံကောင်းကို ဘုန်းကြီးကျောင်းက ကျက်သရေဆောင်မှာ ဆန်မုန့်တွေ ကျွေးပြီး ထားတယ်လို့ ယုံကြည်ကြပါတယ်။
မူရင်းပုံပြင် - ဂျပန်ပုံပြင် ဘာသာပြန် - ကိုခိုင်
မှော်ရေနွေးကရား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment