ခိုင်ရေ...ကျနုပ်၏ ခိုင် ဟူသော စာကို တွေ့လျှင်တွေ့ချင်း တက္ကသိုလ်ဘုန်းနိုင်ရဲ့ခိုင်ဟု
မထင်စေလိုပါ။အဘယ်ကြောင့်ဆိုသော် ထိုခိုင်သည် တက္ကသိုလ်ဘုန်းနိုင်၏ ခိုင်ဖြစ်ပြီး
ယခုခိုင်သည်ကျနုပ်၏ခိုင်သာလျှင်ဖြစ်သောကြောင့်တည်း။
မှန်ပါသည်။ အရာရာကိုစိတ်ဝင်တစားရှိတတ်သောအရွယ်တွင်
ခိုင်နဲ့စတင်ဆုံဆည်းခဲ့ရသည်။ ရင်ခုန်ခဲ့ရသည်။ ပျော်ခဲ့ရသည်။ ကြည်နူးခဲ့ရသည်။
အမှတ်တရတွေလည်းများစွာရှိခဲ့သည်ပင်။ ရင်မှာဖြစ်သောအမှတ်တရတို့သည်
ဖန်တီးယူလို့ရကောင်းသော်လည်းဖျက်ဆီးလို့မူမရကောင်းပေ။
ထိုကြည်နူးမှုတို့၏တစိတ်တဒေသ အမှတ်တရတွေထဲမှ အမှတ်တရတစ်ခုကိုပြ
ပါဟုဆိုလာလျှင် သူ့ခေါင်းမှာပန်ထားတဲ့ ခရေကုံးကို ကျနုပ်အားဖြုတ်ပြီးပေးခဲ့တာကို
ပြောရမည်ပင်။ထိုခရေသည်..ကျနုပ်အားတွေဝေစေခဲ့သည်။မိန်းမောစေခဲ့သည်။
အလွမ်းတို့ ကြားမှာမျောပါစေခဲ့သည်။ အတွေးနယ်ချဲ့ကာ အဆွေးနယ်သို့ပင်
ရောက်စေခဲ့သည်။
ထိုခရေကုံးကို တမြတ်တနိုးနမ်းရှုက်ပြီး တယုတယသိမ်းထားခဲ့သော အချိန်သည်ပင်
ငါးနှစ်တာခရီးကျော်ခဲ့ပြီကော။
ကံကြမ္မာမပေးလို့ခဏတာဝေးလွင့်ခြင်းသည်လည်း ငါးနှစ်တင်တင်းပြည့်ခဲ့လေပြီ။
အနာဂတ်ဆိုထိုတောကိုလည်း ပျားရည်လိုချိုလိုဇောနဲ့ မျှော်မောတတ်တာ
လူတွေရဲ့သဘာဝပင်တည်း။ကျနုပ်လည်းလူထဲကလူတစ်ယောက်ပင်ဖြစ်သည်။ ခိုင်နှင့်
ကျနုပ်ဖြတ်သန်းရမည့်အနာဂတ်ကို မျှော်ရင်းနဲ့မော မောရင်းနဲ့မျှော်ခဲ့ရသည်။
သို့သော်....ကံကြမ္မာအလှည့်ပြောင်းကို သာမာန်လူတို့မသိနိုင်သလို
ကျနုပ်လည်းမသိနိုင်ခဲ့ပါပေ။ကျနုပ်မိဘများသည်ဗုဒ္ဒ ဘာသာမြန်မာလူမျိုးဖြစ်ပြီး
ဘုရားကျောင်းကန်နဲ့နီးစပ်ကြသည်။ဖြစ်ချင်တော့ရွှေနန်းစည်းစိမ်ကိုပေးပြီး
လုပ်ကြွေးခြင်းထက်ရဟန်းဘ၀နဲ့ကောင်းစွာနေပေးခြင်းက မိဘကျေးဇူးကို
ပိုပြီးကျေစေသည်ဟူသော ဝေါဟာရနှောင်ကြိုးတို့ကိုတည်းလျက် ကျနုပ်အား
ရဟန်းဘောင်သို့ သွတ်သွင်းပါတော့သည်။တခဏလားဟူသောအမေးအတွက်
ထာဝရဟူသောအဖြေကိုပေးခြင်းဖြင့်ကျနုပ်အနာဂတ်တံခါးတို့ပျက်ယွင်းရပါတော့သည်။
တစ်သက်တာဝေးရမယ်ဆိုတဲ့အသိက ရင်မှာမချိသလို သိမ်းဆည်းထားတဲ့
ပန်းခရေကလည်း လွမ်းလေဦးတော့ဟုပြောနေသလိုပင်။
ရင်မှာမချိသော်လည်း မဖြစ်နိုင်တော့ဘူးဆိုတဲ့အသိတရားနဲ့ စွန့်ထားခဲ့တယ်
ပန်းခရေရယ်။နွယ်မဟုတ်ပေမဲ့ တွယ်မိတဲ့သံယောဇဉ်က လွယ်လွယ်နဲ့မေ့ဖြောက်လို့
ရနိုင်ရိုးတဲ့လား။ရဟန်းဖြစ်လို့ ခရေပန်းကိုမနမ်းမိဦးတောင် လွမ်းတော့လွမ်းမိနေဦးမှာပါ။
သိမ်တက်ဖို့အသွား သိမ်ကျောင်းအနီး ခရေပင်ကြီးဆီကဘယ်အချိန်ကဝေပြီး ဘယ်အချိန်ကကြွေထားမှန်းမသိရသော
ပန်းခရေတွေကသိမ်တက်လမ်းမှာပက်ဖျန်းထားသည့်နှယ်။
ကျီစယ်တတ်ရန်ကောလောကကြီးရယ်။တယုတယနဲ့ နမ်းခဲ့ဖူးတဲ့ဒီပန်းမျိုးကိုမှ
လျှောက်လမ်းမှာ ပက်ဖျန်းရက်တယ်ကော။နင်းသွားရုံမှတပါးအခြားမရှိတော့ပြီပဲ။
ဒို့ဖူးစာကလည်းလွဲခဲ့ပြီပဲလေ။ခိုင်ရေ....လောကကြီးမှာ ကွေကွင်းရခြင်းနှစ်မျိုးထဲက
တို့တွေရဲ့ကွေကွင်းရခြင်းက ရှင်လျက်ကွေကွင်းရခြင်းပါပဲ။အဘယ်သို့သောနေ့ ဘယ်လို
ကွေ့မှာ...တို့တွေဘယ်လိုပုံစံနဲ့တွေ့ကြဦးမလဲ။အကျီစယ်သန်တဲ့ လောကဓံကြောင့်
နောင်ခါတနေ့ ပြန်လည်တွေ့ရင်...ဒကာမကြီးလို့ပဲခေါ်တော့မယ်..... ခိုင်။
ashinjawtika at 1:33 AM
No comments:
Post a Comment